NEWS

"ကျွန်တော်တို့ အလုပ်သမားတွေဟာ မေဒေးနေ့ တောင်းဆိုမှုတွေကို ဆက်လက်ပြီး ကိုင်ဆွဲသွားရဖို့ပဲ ရှိပါတယ်"

CoverLogo
1.2K Views

"ကျွန်တော်တို့ အလုပ်သမားတွေဟာ မေဒေးနေ့ တောင်းဆိုမှုတွေကို ဆက်လက်ပြီး ကိုင်ဆွဲသွားရဖို့ပဲ ရှိပါတယ်"

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဥက္ကဌဦးမောင်မောင်နှင့်တွေ့ဆုံခြင်း။

Myanmar Labour News သတင်းဌာနမှ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဥက္ကဌဦးမောင်မောင်နှင့်တွေ့ဆုံပြီးလက်ရှိအလုပ်သမားများရဲ့အခက်အခဲအကြပ်အတည်းအခြေအနေ၊စစ်အာဏာသိမ်းပြီးနောက်အလုပ်သမားသမဂ္ဂများ၊ ခေါင်းဆောင်များရဲ့အခြေအနေတွေနဲ့ကမ္ဘာ့အလုပ်သမားများနေ့အကြောင်းတွေကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

MLN - မေဒေးနေ့မှာ ကမ္ဘာ့အလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်ခဲ့သလိုသူတို့ရဲတောင်းဆိုချက်တွေလဲရရှိခဲ့တယ်၊ ဒါပေမယ့် ဒီကနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့ မျှော်မှန်းချက်တွေ မရရှိသေးဘူးလို့မြင်တယ်၊ ဒီတော့မြန်မာ့ အလုပ်သမားတွေအနေနဲ့ မေဒေးခေါ်သံကို ဆက်လက်ကိုင်ဆွဲထားရဖို့ရှိပါသလား။ အဲ့ဒါနဲ့ ပတ်သက်ပြီးဘာပြောချင်ပါသလဲ။


ဦးမောင်မောင်- ဟုတ်ကဲ့ပါ ဒီမေးခွန်းနဲ့ ပါတ်သက်လို့ ကျွန်တော် ပြန်ဖြေရမယ်ဆိုရင် ပထမဦးဆုံး မေးဒေးနေ့လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ “ကမ္ဘာ့အလုပ်သမားနေ့” ရဲ့ ဖြစ်ပေါ်လာပုံကို အရင်ဆုံး စပြီး ပြောပြရမှာမှာ ဖြစ်ပါတယ်။

အလုပ်သမားနေ့ သမိုင်းကို ပြန်ကြည့်ရင် အမေရိကန် ပြည်ထောင်စုကနေပြီး အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေ စတင်ခဲ့ပါတယ်။ ၁၉ ရာစုနှစ် အစမှာ အမေရိကန်ပြည်ထောင်စုက အလုပ်သမားများဟာ တစ်ရက်မှာ အလုပ်ချိန် ၁၆ နာရီကနေပြီး နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်ဆင်းကြရပါတယ်။ အလုပ်လုပ်ကြရပါတယ်။ ကျွန်တော်တို့ အလုပ်သမား တွေဟာ ဒီလို ပင်ပင်ပန်းပန်း လုပ်ကိုင်ပေးနေရပေမဲ့ သူတို့တွေရဲ့ ဘဝဟာ တိုးတက်မှုရှိမလာဘဲ နေရေး၊ ထိုင်ရေးနဲ့ ကျန်းမာရေးတွေမှာ အလွန်ပဲ အဆင့်အတန်း နိမ့်ကျစွာ နေခဲ့ရပါတယ်။

အဲဒီလို ဘဝဆိုးကို ရင်ဆိုင်ရတာကြောင့် အလုပ်သမား ခေါင်းဆောင်တွေက အလုပ်သမားတွေ သက်သာ ချောင်ချိစေဖို့ အလုပ်ရှင်တွေကို ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက် အထိ အလုပ်သမားခေါင်းဆောင် တွေဟာ တစ်နေ့မှာ အလုပ်ချိန် ၁ဝ နာရီသာ ထားရှိဖို့ တောင်းဆိုခဲ့ကြရာတာကို အလုပ်ရှင်များတွေ မလိုက်လျော ခဲ့ကြပါဘူး။ အလုပ်သမားများက ဆန္ဒပြတောင်း ဆိုခဲ့တာကြောင့် ဖမ်းဆီးတာတွေ၊ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရတာတွေအပြင် နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံခဲ့ရပါတယ်။ သို့သော်လည်း အလုပ်သမားတွေရဲ့ အလျှော့မပေးဘဲ ဆက်လက်တောင်းဆိုခဲ့ကြရာကနေ ဥရောပနိုင်ငံများသို့ပင်ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

၁၈၈၄ ခုနှစ်မှာ အမေရိကန်နိုင်ငံက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ညီလာခံကို ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံကြီးမှာ ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှာ အစပြုပြီး တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြပါတယ်။ ထိုဆုံးဖြတ်ချက်အတိုင်း တောင်းဆို တိုက်ပွဲဝင်ကြရန်ကိုလည်း အလုပ်သမားများကို ညွှန်ကြားလိုက်ပါတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း အလုပ်သမားတွေက ဆက်လက် တောင်းဆိုခဲ့ကြရာ ဖိနှိပ်ချုပ်ချယ်မှုများကို ခံခဲ့ရရုံမျှမက အလုပ်သမားပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ အလုပ်သမားများစွာ သွေးမြေကျခဲ့ရပါတယ်။

နောက်ဆုံးမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်များကိုလိုက်လျောခဲ့ရပြီး အလုပ်သမားများရဲ့ စည်းလုံး ညီညွတ်မှုနဲ့ မလျော့သော ဇွဲလုံ့လကြောင့် တိုက်ပွဲကအောင်မြင်ခဲ့ပါတယ်။

မေလ ၁ ရက်နေ့ ဟာ ကျွန်တော်တို့ အလုပ်သမားများအတွက် တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန်တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့နေ့ ဖြစ်တာကြောင့် အလုပ်သမားနေ့အဖြစ် သတ်မှတ်ဖို့ကို ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ညီလာခံ ကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှစပြီး နှစ်စဉ် မေလ (၁) ရက်နေ့မှာ အလုပ်သမားနေ့အဖြစ် ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယနေ့ခေတ်အချိန်အခါမှာတော့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအားလုံးဟာ လုပ်ခပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရင် ၁၉၃၈ ခုနှစ်မှာ အလုပ်သမားနေ့ကို ပထမအကြိမ် စတင်ကျင်းပခဲ့ပါတယ်။ အဲ့အချိန်က အလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီး ဦးဆောင်ပြီး ရေနံချောင်း၊ ချောက်တို့က အလုပ်သမားတွေဟာ မိမိတို့လိုလားချက်များကို တောင်းဆိုဆန္ဒပြနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရေနံမြေအလုပ်သမားတွေရဲ့ အရေးတော်ပုံကြီးပေါ်ပေါက်ဖို့ စတင်နေတဲ့အချိန်ဖြစ်တာကြောင့် ပထမအကြိမ် ကျင်းပတဲ့ အလုပ်သမားနေ့ဟာ ရေနံမြေအလုပ်သမားများရဲ့ စိတ်ဓာတ် အရှိန်ကို မြင့်မားမှုတွေကို လှုံ့ဆော်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်မှာ ပေါ်ပေါက်ခဲ့သောကြောင့် မြန်မာ့သမိုင်းမှာ “၁၃၀၀ ပြည့်အရေးတော်ပုံ” ဟု ခေါ်ဆိုခဲ့ကြပါတယ်။ ၁၉၃၈- ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာ ချောက်မြို့ ဘီအိုစီ ရေနံမြေအလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရေနံမြေအလုပ်သမားသပိတ်ကြီး ပေါ်ပေါက်ခဲ့ရတဲ့ အကြောင်းများမှာ −

- ဘီအိုစီ ရေနံကုမ္ပဏီက ဘာသာရေး အလုပ်ပိတ်ရက် (၁၀) ရက်ကို (၇) ရက်အဖြစ် လျှော့ချခြင်း၊

-  အလုပ်သမား တို့ရဲ့ စားဝတ်နေရေးဆိုင်ရာ တောင်းဆိုချက် (၁၂) ချက်ကို မလိုက်လျောခြင်းနှင့်

-   ချောက် ဘီအိုစီ မော်တော်ယာဉ်ဌာန စက်ပြင်ဆရာ သခင် ခင် ကို အလုပ်ထုတ်ပစ်ခဲ့ခြင်းတို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မေဒေးနေ့ခေါ် အလုပ်သမားနေ့ဆိုတာဟာ ကျွန်တော်တို့ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကလည်း ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ အေးချမ်းတဲ့ဘဝသစ် တည်ဆောက်ဖို့ အတွက် အလုပ်သမားများရဲ့ သွေးစည်းတဲ့နေ့လို့လည်း ခေါ်ဆိုကြရမှာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက ကျွန်တော်တို့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ၊ မျှော်မှန်းချက်တွေဟာ အပြည့်အဝ မရရှိခဲ့ကြတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ အချိန်ထိ ကျွန်တော်တို့ အလုပ်သမားတွေဟာ မေဒေးနေ့ တောင်းဆိုမှုတွေ
ကို ဆက်လက်ပြီး ကိုင်ဆွဲသွားရဖို့ပဲ ရှိပါတယ်။

MLN - မေဒေးရဲ့တကယ့်တောင်းဆိုချက်။  ရည်ရွယ်ချက်တွေကဘာလဲ။ မြန်မာအလုပ်သမားတွေအပါအဝင် ကမ္ဘာ့ အလုပ်သမားတွေက ဘာတွေတောင်းဆိုချင်တာလဲ၊ ပြီးတော့တကယ့်မေဒေးနေ့ရဲ့အနှစ်သာရကိုလဲပြောပြပေးပါ။


ဦးမောင်မောင်- ကျွန်တော့အနေနဲ့ မေးဒေးနေ့ရဲ့ တကယ့်တောင်းဆိုချက်နဲ့ ရည်ရွယ်ချက်တွေကို ပြောပြရမယ်ဆိုရင်တော့ ကျွန်တော် အပေါ်မှာ ဖြေခဲ့တဲ့အတိုင်းပဲ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အလုပ်သမားတွေဟာ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားတွေကို တရားဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့၊ အလုပ်သမားတွေရဲ့ အေးချမ်းတဲ့ဘဝသစ် တည်ဆောက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါတွေအပြင် အလုပ်သမားတွေရဲ့ အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးဖို့၊ ကျား/မတန်းတူညီမျှရေး၊ တူညီသောအလုပ်အတွက် တူညီတဲ့လုပ်အားခတွေ သတ်မှတ်ပေး ရေးနဲ့ ပိုမိုလုံခြုံသော လုပ်ငန်းခွင် အခြေအနေများကို ဖန်တီးပေးရေး စတာတဲ့ အလုပ်သမားအခွင့်အရေးတွေ များစွာ ပါဝင်ပါတယ်။

ဒီလို ကမ္ဘာ့နိုင်ငံသီးသီးက အလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ သွေးစည်းညီညွတ်ခဲ့ကြတဲ့ နေ့ဖြစ်ပါတယ်။

ဒီလိုနေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အနေနဲ့ အပြည်ပြည်ဆိုင်အသိုင်းအဝိုင်းများ၊ အစိုးရများကို တင်ပြ တောင်းဆိုတာက -

(က) ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို သက်ဆိုင်ရာ နိုင်ငံတွေက အသိအမှတ်ပြုဖို့ ရအောင်ကူညီဆောင်ရွက်ပေးဖို့

(ခ) ကျွန်တော်တို့ နိုင်ငံကို မတရားအာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုပေးဘဲ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်ပြီး ဆောင်ရွက်ပေးဖို့

(ဂ) နောက်ဆုံးတချက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံကို အကြမ်းဖက်စစ်အုပ်စုဟာ မတရားအာဏာသိမ်းယူထားတာ ဖြစ်တဲ့အပြင် ပြည်သူလူထုများကို နည်းမျိုးစုံနဲ့ ချိုးဖောက် သတ်ဖြတ်နေတာ ဖြစ်တာကြောင့် သူတို့ရဲ့ ဝင်ငွေတွေကို ရပ်တန့်ဖို့၊ အာဏာရှင် စနစ် အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့အတွက် အလုံးစုံသော စီးပွားရေး ပိတ်ဆို့အရေးယူပေးဖို့၊ ဒီလို အရေးယူဆောင်ရွက်တဲ့ နေရာမှာလည်း ဝင်ငွေတွေကို ဖြတ်တောက်နိုင်ဖို့အတွက် နိုင်ငံတကာကို ငွေကြေးတွေ လွှဲပြောင်းလက်ခံနေတဲ့ SWFIT စနစ် ကို အသုံးပြုပြီး အရေးယူပေးဖို့ တောင်းဆိုလိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများကလည်း ဝိုင်းဝန်းပြီး ကူညီပေးကြပါ။


MLN- လက်ရှိမြန်မာ့အလုပ်သမားထုရဲ့  အဓိကရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေနဲ့ ပတ်သတ်ပြီး ပြောပြပေးပါ။

ဦးမောင်မောင်-

လက်ရှိမှာတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့တိုင်းပြည်ဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က စပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား အာဏာသိမ်းယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ အလုပ်သမားသမဂ္ဂတွေဟာ အလုပ်သမားသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့မရတော့ဘူး ဒါက အဆိုးရွားဆုံး ဖြစ်ပါတယ်။

ကျွန်တော်တို့ အလုပ်သမားသမဂ္ဂတွေအတွက် အလွန်အရေးပါတဲ့ လွတ်လပ်စွာအသင်း အပင်းဖွဲ့စည်းခွင့် (Freedom of Association – FoA/ Right to organize) တွေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (collective bargaining) တွေ ပျောက်ဆုံးနေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စီးပွါးရေးအကျပ်အတည်းများနှင့် ဆိုးရွားစွာ ရင်ဆိုင် ကြုံတွေ့ နေရပါတယ်။  

အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် မတ်လ (၂) ရက်နေ့မှာ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်အရ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ အလုပ်သမားအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းများတွေကို မတရားအသင်းကြေညာခဲ့ပါတယ်။

ကျွန်တော်တို့ CTUM ရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် (၂၇) ဦးအား ဖမ်းဝရမ်းထုတ်တာတွေ၊ နိုင်ငံကူး လက်မှတ်တွေကို ပယ်ဖျက်တာတွေ၊ သမဂ္ဂခေါင်းဆောင်တွေ အဖွဲ့ဝင်တွေ ဖမ်းဝရမ်းထုတ်တာတွေ၊ ဖမ်းဆီးတွေ၊ ထောင်ချတာတွေ မတရားညှင်းပန်းနှိပ်စက်တာတွေ မီးရှို့သတ်ဖြတ် တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီလိုချိုးဖောက်မှုတွေအပြင် ကျွန်တော့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့မှာ နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပါတယ်။

ကျွန်တော်တို့ CTUM အပါအဝင် အလုပ်သမားသမားသမဂ္ဂအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့တာ စုစုပေါင်း (၁၁၈) ဦးရှိနေပါပြီ၊ သတ်ဖြတ်ခြင်းခံခဲ့ရတာကတော့ စုစုပေါင်း (၃၀) ဦး ခံခဲ့ရပါတယ်။ ကျွန်တော်တို့ CTUM မှာ ရရှိထားတဲ့ သတင်းတွေအရဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီ မရောက်တဲ့ သတင်းများလည်း ရှိနိုင်ပါတယ်။

ဒါတွေတင် ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ အလုပ်သမားသမဂ္ဂ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အများကြီး ထိခိုက်နေတယ်။ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ/ခေါင်းဆောင်တွေ အပါအဝင် အလုပ်သမားများ ၁.၆ သန်း ဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတယ်။ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ CDM ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ (၄၀၀၀၀၀) သိန်း ခန့်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍာမှ အလုပ်သမားများကို ဖမ်းဝရမ်း ထုတ် ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ ခြိမ်းခြောက်ခြင်း၊ နေအိမ်များမှ မတရားဖယ်ရှားခံရခြင်း၊ ချိတ်ပိတ်ခြင်း စတာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ စီးပွား‌ရေးကို ပြန်ကြည့်မယ်ဆိုရင်လည်း စီးပွားရေးဟာ ချွတ်ခြုံကျနေတယ်။ မြန်မာနိုင်ငံက FDI ကျဆင်းသွားပါတယ်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ 2021 ခုနှစ်မှာ 18.4% ကျဆင်းခဲ့ပါတယ်။

UNDP ၏ လေ့လာမှုအရ “COVID-19၊ အာဏာသိမ်းမှု အခြေအနေများ ကြောင့် လူပေါင်း ၁၂ သန်း အထိ ဆင်းရဲတွင်းနက်စေနိုင်ကြောင်း သတိပေးထားပါတယ်။ ယင်းကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး 25 သန်းအထိဟာ 2022 ခုနှစ် အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှု နေထိုင် လာရနိုင်ပါတယ်” လို့ သုံးသပ်ထားတယ်။ ဒါတွေက သက်ရောက်မှုတွေဖြစ်ပါတယ်။

MLN- မေဒေးနေ့ဆိုတာ ဒီကအစိုးရအဆက်ဆက်လုပ်ခဲ့သလို ရုံးတရက်ပိတ်ပေးပြီး ပျော်ရွှင်ရတဲ့နေ့မ ဟုတ်ဖူးလို့ သိထားပါတယ်။ အဲ့ဒီတော့မြန်မာ့အလုပ်သမားထုအနေနဲ့ မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကို ဘယ်လိုဆွဲကိုင်ပြီး တိုက်ပွဲဝင်သင့် တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။


ဦးမောင်မောင်- ဟုတ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမားတွေအတွက် ပျော်ရွင်ရတဲ့ မေဒေးနေ့ ဖြစ်ဖို့ဆိုရင် ခေတ်အဆက်ဆက်နဲ့ ယနေ့ အာဏာရှင်စနစ်၊ အရင်းရှင်စနစ်ကို အပြီးသတ် အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်နိုင်မှ ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မြန်မာအလုပ်သမားများအနေနဲ့ မေးဒေးနေ့မှာ ကျွန်တော်တို့ အလုပ်သမားများရဲ့ အကျိုးစီးပွားများကို အပြည့်အဝအကာအကွယ်ပေးနိုင်မဲ့ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ဖို့အတွက် အာဏာရှင်စနစ်ဆိုးကို အလုပ်သမားပြည်သူများရဲ့ ညီညွတ်တဲ့အားနဲ့ ဦးစွာတိုက်ထုတ်ဖို့ဆိုတဲ့ မူကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒီလို မေဒေးနေ့ မေလ (၁) ရက်နေ့ကို ကမ္ဘာအဝှမ်းမှာ အလုပ်သမားများ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အမှတ်တရနေ့ သမိုင်းဝင်တဲ့အနေ့အဖြစ် ပျော်ပွဲရွှင်ပွဲများ၊ တောင်းဆိုမှုများ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမေလ (၁) မေဒေးနေ့ကို အမေရိကန်နိုင်ငံမှာ ရုံးမပိတ်ပါ။ စက်တင်ဘာလ (၅) ရက်နေ့ကို အမေရိကန်နိုင်ငံရဲ့ “အလုပ်သမားနေ့ "labor day” အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ကြပါတယ်။

နော်ဝေးနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဆွီဒင်နိုင်ငံ စတဲ့နိုင်ငံတွေမှာလည်း “Solidarity Day” အဖြစ် သီးသန့် သတ်မှတ်ထားတာလည်း ရှိပါတယ်။

ဒါပေမယ့် မေလ (၁) ရက်နေ့ မေဒေးနေ့မှာတော့ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေဟာ သူတို့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေနဲ့အတူ မနက်ပိုင်းမှာ ချီတက်ကြ တာတွေရှိသလို သူတို့ရဲ့ မိသားစုဝင် တွေကလည်း ညနေပိုင်းအချိန်တွေမှာ မိသားစုဝင်တွေနဲ့ နားနေလို့ရအောင်လို့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးကြတာ ရှိပါတယ်။

နောက်တခါ မေလ (၁) ရက်နေ့ မေဒေးနေ့မှာ အင်္ဂလန်နိုင်ငံမှာတော့ “Maypole” လို့ခေါ်တဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ဖဲကြိုးများနဲ့ ရစ်ပတ်ပြီး ဂုဏ်ပြု ကခုန်ကြတာမျိုးတွေရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ မေဒေးနေ့ မေလ (၁) ရက်နေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြတယ် ဆိုတာကို ရှင်းပြလိုပါတယ်။


MLN - နောက်ထပ်မေးခြင်တာကလက်ရှိဆရာ/ ဆရာမတို့အဖွဲ့အစည်းရဲ့ရပ်တည်ချက်လှုပ်ရှားမှု့နဲ့ မေဒေးနေ့အတွက် အလုပ်သမားတွေကို ပြောချင်တဲ့အမှတ်တရစကားလေးရှိရင်ပြောပေးပါ။


ဦးမောင်မောင်- ကျွန်တော်တို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဟာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို လေးစားလိုက်နာ ကျင့်သုံးတဲ့ အလုပ်သမားအဖွဲ့ချုပ်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့မှာ အလုပ်သမားတွေရဲ့အခွင့်အရေး၊ အလုပ်သမားသမဂ္ဂတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။

ဒီလို အလုပ်သမားအခွင့်အရေးနှင့် အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက်လည်း နိုင်ငံရဲ့ ကျင့်သုံးတဲ့ စနစ်တွေအပေါ်မှာ အခြေခံထားတဲ့ အလုပ်သမားစံနှုန်းများအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီလို စနစ်ကောင်းတွေကို နိုင်ငံအနေနဲ့ လေးစားလိုက်နာမှသာလျှင် ကျွန်တော်တို့ အလုပ်သမားသမဂ္ဂ တွေအနေနဲ့ အလုပ်သမား အခွင့်အရေးနှင့် အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများကို ဖန်တီးနိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အလုပ်သမားအခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးများကို လေးစားလိုက်နာမှုမရှိတဲ့ ဘယ်အာဏာရှင်စနစ်ကိုမှ လက်မခံပါဘူး။

ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေး အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး အင်အားစုများနှင့် ပူးတွဲကာ အရှိန်မြင့် တော်လှန်တိုက်ပွဲဝင်နေပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ITUC)၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (GUFs)၊ အပြည်ပြည်ဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းပြီး သံတမန်နည်းလမ်းတွေကို သုံးပြီးတော့ အကြမ်းမဖက်တဲ့ နည်းလမ်း ရတဲ့နည်းလမ်းမျိုးစုံနဲ့ တော်လှန် တိုက်ပွဲဝင်နေပါအုံးမယ်။

ဒါကြောင့် ကျွန်တော်တို့ အလုပ်သမားပြည်သူများနဲ့အတူ ပြည်သူလူထုတရပ်လုံးက ကျွန်တော်တို့အားလုံးရဲ့ အနာဂါတ် လူမှုဘဝတွေ အေးချမ်းသာယာဖို့အတွက် စစ်အာဏာရှင် စနစ် အမြစ်ပြက်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစွမ်းကုန် ပြင်းပြင်းထန်ထန် တော်လှန်တိုက်ပွဲ ဝင်သွားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

 


Related posts

Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024
Cover
အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား
Oct 26, 2023
Cover
လုပ်ငန်းခွင်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတဲ့ SEN YU အထည်ချုပ်အလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
Oct 19, 2023
Cover
ILO စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနဲ့ စစ်အုပ်စုဖြေရှင်းရမဲ့ပုစ္ဆာ
Oct 13, 2023
Cover
အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)
Jun 28, 2023
Cover
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးလုပ်သားတွေ ဘာကြောင့် မတွေ့ရတော့တာလဲ (အင်တာဗျူး)
May 03, 2023